Local News

ပြည်တွင်းမတ်ပဲအထွက်နှုန်းကျ၊ ဈေးပြန်တက်လာ

Last Updated:

ဖေဖော်ဝါရီလ ပထမသီတင်းပတ်အထိ မတ်ပဲဈေး တစ်တင်းလျှင် ၆၀၀၀၀ ကျပ်အောက် ရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီလ တတိယသီတင်းပတ်တွင် ဈေးပြန်တက်လာသော်လည်း တစ်တင်းလျှင် ကျပ် ၂၀၀၀ ဝန်းကျင်သာဈေးတက်လာကာ ယခု မတ်လ ဒုတိယသီတင်းပတ်မှစတင်၍ မတ်ပဲ ဈေးပိုမိုမြင့်တက်လာကြောင်း ပဲကုန်စည်ဒိုင်များ၏ ဈေးနှုန်းထုတ်ပြန်ချက်များအရ သိရှိရသည်။

ဧရာဝတီတိုင်းဒေသကြီး၏ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့သော မတ်ပဲဈေးနှုန်းများမှာ မတ်လ ၁၀ ရက်နေ့တွင် တစ်တင်းလျှင် ကျပ် ၆၂၉၀၀၊ ၁၁ ရက်နေ့တွင် ကျပ် ၆၃၈၀၀၊ ၁၂ ရက်နေ့တွင် ကျပ် ၆၃၆၀၀၊ ၁၃ ရက်နေ့တွင် ၆၃၅၀၀၊ ၁၄ ရက်နေ့တွင် ကျပ် ၆၃၆၀၀၊ ၁၅ ရက်နေ့တွင် ကျပ် ၆၄၆၀၀၊ ၁၆ ရက်နေ့တွင် ကျပ် ၆၅၀၀၀ အသီးသီးဖြစ်ခဲ့ပါသည်။

အိမ်နီးချင်းဝယ်လက်နိုင်ငံမှ မြန်မာမတ်ပဲအထွက်နှုန်း တန်ချိန် ၆.၅ သိန်းခန့်ရှိမည်ဟု ခန့်မှန်းသော်လည်း ယခုနှစ်မြန်မာမတ်ပဲ စိုက်ဧကကျဆင်းခြင်း၊ ပိုးကျခြင်း၊ အထွက်နှုန်းကျဆင်း ခြင်းတို့ကြောင့် ယခင်နှစ်များနှင့် နှိုင်းယှဉ်လျှင် အထွက်နှုန်း ထက်ဝက်လျော့ကျနိုင်ကြောင်း မတ်ပဲ စိုက်တောင်သူများက ဆိုသည်။ ထို့ပြင် စိုက်စရိတ် သွင်းအားစုစရိတ်များကြီးမြင့်မှုကြောင့် မတ်ပဲ တစ်တင်းဈေး ကျပ် ၆၀၀၀၀ နှင့် ၇၀၀၀၀ ကြားရရှိမှသာ တောင်သူအကျိုးအမြတ်ရှိနိုင်ကြောင်း သိရှိ ရသည်။

အိန္ဒိယနိုင်ငံ၏ ပြည်တွင်းမတ်ပဲဈေးနှုန်းလည်း အနည်းငယ်မြင့်တက်လာနေပြီး ဝယ်လိုအား ပုံမှန်ရှိကြောင်း ၊ ဖေဖော်ဝါရီလအတွင်း မြန်မာမတ်ပဲတန်ချိန် ၃၅၀၀၀ တင်သွင်းခဲ့ကြောင်း၊                မတ်လအတွင်း မတ်ပဲတန်ချိန် ၂၈၀၀၀-၃၀၀၀၀ ခန့်တင်သွင်းနိုင်မည်ဟု မျှော်လင့်ကြောင်း ၊ လက်ရှိ တွင် မြန်မာမတ်ပဲဈေးတက်လာနေပြီး မြန်မာဘက်မှ မတ်ပဲတင်ပို့သူများက တင်ပို့နိုင်မှု အားနည်း နေကြောင်း ၊ ဧပြီလအတွင်း မြန်မာမတ်ပဲတင်ပို့မှု မြင့်တက်လာနိုင်သည်ဟု မျှော်လင့်ကြောင်း၊ အိန္ဒိယနိုင်ငံ၏ ပဲလက်ကျန်အခြေအနေအရ မတ်ပဲဈေးကောင်းနေမည်ဖြစ်ပြီး ဩဂုတ်လအထိ ချနိုင်းမတ်ပဲ SQ ဈေးနှုန်း တစ်ကွမ်တယ်လျှင် Rs 8500-9000 ဖြစ်နိုင်ကြောင်း Agri World Mumbai ကသုံးသပ်ထားသည်။

ဧရာကုန်သွယ်မှုဗဟိုဌာန

Category: Local News